အဆိုးဆုံးအနေအထားလို့ မဆိုနိုင်သေးတဲ့ မြန်မာနိုင်ငံ အခြေအနေ


(မိုးမခ) ဩဂုတ် ၄၊ ၂၀၂၄

အဆိုးဆုံးအနေအထားလို့ မဆိုနိုင်သေးတဲ့ မြန်မာနိုင်ငံ အခြေအနေ

ကုန်လွန်ခဲ့တဲ့ နှစ်တွေက မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေ အပါအဝင် ဒေသအများအပြား မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေကြား အသက်ဆုံးရှုံးရတာတွေ၊ သတ်ဖြတ်ခံရတာတွေ၊ နေအိမ်နဲ့ ပိုင်ဆိုင်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးရတာတွေ၊  လုယက် ဓါးပြတိုက်မှုတွေ၊ ကြီးမားတဲ့ ငွေကြေးဖောင်းပွမှုတွေ၊ လနဲ့ နှစ်နဲ့ချီ စစ်ဘေးတိမ်းရှောင်ကြရတာတွေက အဆိုးဆုံးအနေအထား ရောက်နှင့်နေပြီလို့ မှတ်ယူခဲ့ကြပေမယ့် အခုလပိုင်းမှာ ဖြစ်ပွားလာတဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ အသက်သေဆုံးမှု၊ စစ်ဘေးတိမ်းရှောင်ရမှုနဲ့ ဆုံးရှုံးမှုတွေ၊ ရက်စက်တဲ့ သတ်ဖြတ်မှုတွေက ယခင်နှစ်တွေကထက် ပိုမိုဆိုးရွားလာနေတာ တွေ့လာရပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ အနေအထားက အဆိုးဆုံးအနေအထား ရောက်နေပြီလို့ တပ်အပ်မပြောနိုင်သေးဘူးလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ 

လတ်တလော မြို့သိမ်းတိုက်ပွဲတွေမှာ အရင်တိုက်ခိုက်သိမ်းယူခဲ့တဲ့ မြို့တွေထက် လူဦးရေပိုများပြီး စစ်ကောင်စီတပ်ရဲ့ စစ်ဌာနချုပ်လည်း ရှိတဲ့ လားရှိုးမြို့ နဲ့ တိုင်းစစ်ဌာနချုပ်ကို သိမ်းယူနိုင်ဖို့ တလတိတိ အပြင်းအထန် တိုက်ခိုက်ကြတဲ့ တိုက်ပွဲအတွင်း စစ်ပွဲတွေရဲ့ ရုပ်ဆိုးအကျည်းတန်ဆုံး အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း တကြိမ် တခါမျှ မကြုံဖူးကြတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာ ဓာတ်ပုံ၊ ဗီဒီယို၊ ကိုယ်တိုင်ကြုံတွေ့ကြရသူတွေရဲ့ ပြန်လည်ပြောဆိုမှုတွေမှာ ကြားသိမြင်တွေ့ ကြရတာ ဖြစ်ပါတယ်။ 

အရပ်သား၊ လက်နက်ကိုင် ခွဲခြားခြင်း မပြုတော့ဘဲ မြို့ရဲ့ လူနေရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့်လည်း အများအပြား သေဆုံးကြရသလို နှစ်ဖက် ပစ်ခတ်မှုတွေအကြားမှာလည်း အသက်ဆုံးရှုံးကြရပြီး၊ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးရသလို မြို့ပျက်၊ တိုင်းပြည်ပျက်ချိန် ပစ္စည်းခိုးယူမှုတွေ ကြောင့်လည်း ဆုံးရှုံးကြရတဲ့ အဖြစ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် အသက်အန္တရာယ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရချိန် မြို့ဟာ အုပ်ချုပ်မှုမရှိတော့တဲ့ အနေအထားရောက်ပြီး ခိုးယူမှုတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ 

ဒီလို အဖြစ်အပျက်တွေအကြား လုံခြုံရေး အစောင့်တွေမရှိတော့တဲ့ လားရှိုးအကျဥ်းထောင် ပွင့်ပြီး နိုင်ငံရေးအကျဥ်းသား အပါအဝင် စုစုပေါင်း အကျဥ်းကျသူနဲ့ အချုပ်ကျသူ ၃ ထောင်နီးပါးလည်း တိုက်ပွဲတွေ အရှိန်အမြင့်ဆုံးအချိန်မှာ အကျဥ်းထောင်ထဲက လွတ်မြောက်လာပြီး မြို့ကိုသိမ်းယူဖို့ တိုက်ခိုက်နေတဲ့ MNDAA နဲ့ လက်နက်ကိုင်တပ်တွေက ထိန်းသိမ်းထားပြီး လူမျိုးအလိုက် သက်ဆိုင်တဲ့ လက်နက်ကိုင်အဖွဲ့ကို လွှဲပြောင်းတာတွေ လုပ်ဆောင်နေတဲ့ သတင်းလည်း ပေါ်ထွက်လာပါတယ်။ တလကြာ ပစ်ခတ်မှုတွေ အတွင်း လက်နက်ကြီး ကျရောက်မှုကြောင့် အကျဥ်းသား ၁၀၀ ကျော်လောက်လည်း အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ 

တိုင်းစစ်ဌာနချုပ်နဲ့ မြို့တမြို့လုံးကို ယမန်နေ့က အပြီးသတ်သိမ်းယူနိုင်ပြီလို့ ကြေညာခဲ့တဲ့ MNDAA အနေနဲ့ လားရှိုးမြို့ရဲ့ အုပ်ချုပ်ရေးကို တာဝန်ယူဖို့ထက် လက်ရှိမှာ သိမ်းယူထားတဲ့ မြို့နဲ့ တိုင်းစစ်ဌာနချုပ်စခန်းတွေ ပြန်လည်တိုက်ခိုက်ခံရနိုင်ခြေရှိတာကို ပြင်ဆင်ဖို့ ပိုမိုဦးစားပေးကောင်း ဦးစားပေးပါလိမ့်မယ်။ မြေပြင်ကသာမက လေကြောင်းကပါ တိုက်ခိုက်လာနိုင်ခြေတွေ အတွက် စဥ်းစားပြင်ဆင်ရမယ့် အနေအထားမျိုးလို့လည်း ဆိုနိုင်ပါတယ်။ 

အခုလို မြန်မာနိုင်ငံရဲ့ အကြီးဆုံး ပြည်နယ်တခုရဲ့ မြောက်ဘက်ပိုင်း နယ်မြေရဲ့ စီးပွားရေး အုပ်ချုပ်ရေး၊ စစ်ရေး အချက်အချာ ကျတဲ့မြို့တမြို့ သိမ်းယူဖို့ တိုက်ခိုက်ကြတဲ့ တိုက်ပွဲက အလားတူ မြို့ကြီးတွေမှာပါ ကြုံလာရနိုင်ခြေ ရှိတယ်ဆိုတဲ့ ဖြစ်နိုင်ခြေကို အခုအခါမှာ ထည့်သွင်းစဥ်းစား လာကြရတာ ဖြစ်ပါတယ်။ လားရှိုးပြီးနောက်မှာ မကြာခင်ကာလမှာ မန္တလေး၊ မုံရွာတို့လိုမြို့တွေ၊ ကချင်ပြည်နယ်မှာ မြစ်ကြီးနား စတဲ့မြို့ကြီးတွေမှာလည်း မြို့သိမ်းတိုက်ပွဲတွေ ဖြစ်မလာဘူးလို့ မဆိုနိုင်တဲ့ အနေအထားမျိုး စဥ်းစား သုံးသပ်မှုမျိုး ရှိလာကြတာ ဖြစ်ပါတယ်။  ဒီလို အလားအလာတွေကို သုံးသပ်ပြီး ကောက်ချက်ချရရင် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေက အဆိုးဆုံး မဟုတ်သေးဘဲ မကြာခင် လတွေ၊ နှစ်တွေမှာ အခြားသောမြို့ကြီးတွေကိုလည်း မြို့သိမ်းတိုက်ပွဲတွေ ရောက်ရှိလာနိုင်တာ ဖြစ်ပါတယ်။ 

အခု ဖြစ်ပွားနေတဲ့ ရှမ်းမြောက်ရဲ့ မြို့သိမ်းတိုက်ပွဲတွေက လူမျိုးစုနယ်မြေတွေ အပေါ် အခြေခံတယ်လို့ ယေဘုယျ ဆိုနိုင်ပြီး ပြည်ထောင်စုနယ်မြေလို့ ခေါ်ဆိုတဲ့ ဗမာလူမျိုး အများစုနေထိုင်တာ၊ ဘယ်လူမျိုးစုတခုခုကမှ အများစု မဟုတ်ပဲ ရောနှောနေထိုင်ကြတဲ့ နယ်မြေတွေနဲ့ ပတ်သက်လို့ ၄င်းတို့နဲ့ သက်ဆိုင်တယ်လို့ သတ်မှတ်လက်ခံထားကြတဲ့ လက်နက်ကိုင်အဖွဲ့ ရှိနှင့်နေပြီးလား၊ တနည်းပြောရရင် လက်နက်ကိုင် အဖွဲ့တွေအကြား ကြေလည်မှုရှိတဲ့ ခွဲဝေသတ်မှတ်မှုတွေ ရှိနေပြီလား ဆိုတာတော့ ဘယ်သူမှ တပ်အပ် မပြောနိုင်ကြသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

နောက်တချက်ကတော့ လက်နက်ကိုင် အဖွဲ့တွေရဲ့ သမိုင်းကြောင်းနဲ့ ၄င်းတို့ရဲ့ ရပ်တည်ချက်၊ နိုင်ငံရေး အယူအဆတွေက ဘယ်လို ရှိခဲ့ကြသလဲ၊ ဘယ်လို ဖြစ်လာနိုင်သလဲ ဆိုတဲ့ အချက်ကလည်း မဝေးတဲ့ အနာဂတ်မှာ ပေါ်လွင်လာမယ့် အနေအထားလို့ ဆိုနိုင်ပါတယ်။ 

ယုံကြည်ချက်အတွက် သက်သက်နဲ့ လက်နက်ကိုင် တိုက်ခိုက်တယ်ဆိုတဲ့ အချက်က တဦးချင်းအဖို့ မှန်ကန်နိုင်ပေမယ့် လက်နက်ကိုင်အဖွဲ့ အနေနဲ့တော့ အကျိုးစီးပွားတွေနဲ့ ကင်းလွတ်တဲ့ စစ်ပွဲတွေ၊ တိုက်ခိုက်မှုတွေ မရှိတာကြောင့် နယ်မြေသိမ်း တိုက်ပွဲတွေ၊ မြို့သိမ်းတိုက်ပွဲတွေနဲ့ အတူ အကျိုးစီးပွားခွဲဝေမှု၊ အနာဂတ် ခွဲဝေမှုအတွက် ကတိကဝတ်တွေက စစ်ပွဲတွေရဲ့ နောက်ကွယ်မှာ ရှိနေကြမယ့် ပကတိ တရားတွေဖြစ်ပါတယ်။

ယုံကြည်မှုအတွက် လက်နက်ကိုင် တိုက်ခိုက်ကြတဲ့ သူတွေ၊ အဖွဲ့တွေ အနေနဲ့ မိမိတို့ လက်တွဲမယ့် သို့မဟုတ် ဦးဆောင်မှုနေရာကိုပေးရတဲ့ အဖွဲ့တွေရဲ့ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းတွေကိုလည်း ထည့်သွင်းစဥ်းစားဖို့ မမေ့ကြဖို့ လိုအပ်တာ ဖြစ်ပါတယ်။ စစ်ပွဲတွေကို အကျိုးစီးပွားတွေက မောင်းနှင်ကြပြီး အဆိုပါ အကျိုးစီးပွားတွေအတွက် အခြားသော အကြောင်းအရာတွေကို အသုံးချကြတာမျိုးလည်း သမိုင်းအဖြစ်အပျက်တွေမှာ ရှိခဲ့ကြပြီးဖြစ်တာကြောင့်ပါ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Post a Comment

أحدث أقدم