မြင်းခြံခရိုင်အတွင်း စစ်တပ်ဗုံးကြဲခြင်းကြောင့် နှစ်ဦးသေ ခြောက်ဦး ဒဏ်ရာရ


မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးနှင့် ငါန်းဇွန် မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် စစ်ကောင်စီလေတပ်က ယမန်နေ့ (ဩဂုတ် ၂၇)တွင် ဗုံးကြဲရာ ဒေသခံ နှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရသွားသည်ဟု စုံစမ်းသိရသည်။

မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီ တိုက်လေယာဉ်က ငါန်းဇွန်မြို့နယ် ငါန်းမြာရွာနှင့် နွားထိုးကြီးမြိုနယ် လက်ဝဲမြင်းနီရွာ တို့ကို ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တပ်ရင်း (၁) တပ်ရင်းမှူး ကိုဝမ်းတူးက Myanmar Now ကို ပြောသည်။

ထိုဗုံးကြဲခြင်းကြောင့် ငါန်းမြာရွာရှိ စာသင်ကျောင်းကို ဗုံးဆန်ထိမှန်ခဲ့ပြီး ဒေသခံ အသက် ၇၀ အရွယ်များဖြစ်သည့် ဦးအောင်သိန်းနှင့် ဒေါ်မြတို့ သေဆုံးခဲ့ကာ ဒေသခံသုံးဦး ဒဏ်ရာရခဲ့သည်။

ထို့ပြင် လက်ဝဲမြင်းနီရွာမှ အသက် ခုနှစ်နှစ် အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် သုံးဒဏ်ရာရသွားပြီး ရွာဘုန်းတော်ကြီးကျောင်းလည်း ဗုံးဆန်ထိမှန်ကာ ပြိုကျပျက်စီးသွားသည်ဟု လက်ဝဲမြင်းနီ ဒေသခံ အမျိုးသမီးက ပြောသည်။ 

“ရွာထဲက ပြည်သူတွေက အဲဒီကျောင်းမှာ စစ်ရှောင်တဲ့သဘောနဲ့ သွားနေကြတာ ကလေးငယ်လေး နှစ်ယောက်၊ ၁၀ နှစ်ပတ်ဝန်းကျင်လောက်ပဲရှိမယ်။ တစ်ယောက်ကတော့ ခြေထောက်တစ်ဖက် ဖြတ်ရမယ့် အခြေအနေမျိုးပေါ့ တစ်ယောက်ကတော့ ဒဏ်ရာမပြင်းထန်ဘူး” ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ အရပ်သားများသေဆုံးစေပြီး စာသင်ကျောင်းများ၊ သာသနာရေးအဆောက်အအုံများကို တိုက်ခိုက်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိဟု PDF ကိုဝမ်းတူးက ဆိုသည်။

“အဓိက မြေပြင်စစ်ကြောင်းထိုးဖို့ အင်အားမရှိတော့ လေကြောင်းအားကိုးနဲ့ ခုလိုတွေ ခြိမ်းခြောက်နေတာပါ။ အပြစ်မဲ့ ပြည်သူနေအိမ်တွေ ဘုန်းကျောင်းတွေ စာသင်ကျောင်းတွေကိုတော့ ဘာအကြောင်းနဲ့မှ ဗုံးကြဲစရာ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ဩဂုတ် ၂၆ ညကစပြီး စစ်ကောင်စီ ကင်းထောက်လေယာဉ်များ လက်ဝဲမြင်းနီရွာအနီး ပျံသန်းနေပြီး ယမန်နေ့တွင် ဗုံးကြဲခြင်းဖြစ်သည်ဟု သိရသည်။

မြင်းခြံခရိုင်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် နယ်မြေစိုးမိုး ရန်ကြိုးပမ်းနေပြီး လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနိုင်၍ ဒေသခံပြည်သူများ ဗုံးခိုကျင်းများပြင်ဆင်ထားကြရန် PDF တပ်ရင်းမှူး ကိုဝမ်းတူးက တိုက်တွန်းသည်။

“အရင်လို စစ်ကြောင်းထိုး မီးရှို့တာတွေ မလုပ်နိုင်တော့လို့ လေကြောင်းဗုံးကြဲနေတာမို့ ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတူးပြီး ကာကွယ်ရေးအဖွဲ့တွေရဲ့ လမ်းညွှန်ချက် တိတိကျကျ လိုက်နာ ဆောင်ရွက်ကြဖို့ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် ဗုံးခိုကျင်းတူးရမည့် ကုန်ကျစရိတ်များပြားခြင်းကြောင့် လေယာဉ်သံကြားပါက မိမိနေထိုင်ရာနေရာနှင့် ဝေးသည့် နေရာများတွင်သာ သွားရောက်ပုန်းခိုကြရသည်ဟု မြင်းခြံဒေသခံတစ်ဦးက ပြောသည်။

“ကျင်းလေးလောက်တူးတော့လဲ ဘယ်အဆင်ပြေမလဲ။ ကာကွယ်ရေးတပ်ဖွဲ့တွေ နမူနာပြထားတာက မျောတိုင်က (သစ်ချောင်းငယ်များ ဗုံးခိုကျင်းအတွင်း) နှစ်ထပ်လောက်ထည့်ရမယ် သဲအိတ်နဲ့ ဘာနဲ့ဆိုတော့ အနည်းဆုံးတော့ ကိုယ်တိုင်မတူးနိုင်ရင် ကျင်းတူးငှားဖို့နဲ့က ၃၀၀,၀၀၀ ကနေ ၅၀၀,၀၀၀ ဝန်းကျင် ကုန်မှာဆိုတော့ လူတိုင်းမတူးနိုင်ဘူး” ဟု ၎င်းက ဆိုသည်။


ဩဂုတ် ၁၀ က စတင်ကာ မန္တလေးမြို့ တောင်ဘက် တံတားဦးနှင့် မြင်းခြံခရိုင်အတွင်းရှိ စစ်တပ်စခန်းများကို “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO)” အမည်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

MDSO စစ်ဆင်ရေးသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားမဟာမိတ်တပ်များစုဖွဲ့ပြီး မြင်းခြံခရိုင်အတွင်း စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ဆင်ရေးအတွင်း ဩဂုတ် ၂၂ အထိ တံတားဦးနှင့် မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၂၀ ထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထိုနေရာများတွင် အထိုင်ချတပ်စွဲထားရန် ခက်ခဲသဖြင့် စခန်းများကို မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာခဲ့ကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်ကလည်း နွားထိုးကြီးမြို့အပါအဝင် အနီးဝန်းကျင်မှ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကာ လက်တုံ့ပြန်နေသည်။ 

ပြီးခဲ့သည့် ဩဂုတ် ၂၆ ကလည်း မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ကျွဲတလင်းရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။ 

ဩဂုတ် ၂၀ တွင် နွားထိုးကြီးမြို့နယ် ကွမ်းအုံရွာကို လေကြောင်းမှ ဗုံးကြဲရာ ဒေသခံနှစ်ဦး သေဆုံးပြီး သက်တော် ၇၀ အရွယ် ဘုန်းကြီးတစ်ပါးနှင့် ဒေသခံလေးဦး ဒဏ်ရာရရှိခဲ့သည်။

ဩဂုတ် ၁၇ တွင် မြင်းခြံမြို့နယ် တန်ဆောင်ရွာကို ဗုံးကြဲတိုက်ခိုက်ခံရရာ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့သည်။

ထို့ပြင် ဩဂုတ် ၁၁ ကလည်း တောင်သာမြို့နယ် ပြဿဒ်ကြီးရွာ၊ ကမ်းပါးယံ ဘုန်းကြီးကျောင်းနှင့် နွားထိုးကြီးနှင့် ငါန်းဇွန်မြို့နယ်ကြားရှိ ဖောင်းချင်ရွာတို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသေးသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အာဏာသိမ်းမှုဆန့်ကျင်သည့် တော်လှန်ရေးတပ်များ၏ ထိုးစစ်ကြောင့် စစ်ကောင်စီသည် မြို့နယ်အများအပြား လက်လွတ်ဆုံးရှုံးခဲ့သည်။

ယခုအခါ တော်လှန်ရေးတပ်များက မြန်မာနိုင်ငံ၏ ဒုတိယအကြီးမားဆုံးမြို့ဖြစ်သည့် မန္တလေးမြို့၏ မြောက်ဘက်နှင့် တောင်ဘက်တို့တွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိသည်။





Source link

Post a Comment

أحدث أقدم