လွိုင်ကော်မြို့၌ ပြည်သူများ၏ အခြေခံလိုအပ်ချက်များ အဆင်ပြေချောမွေ့စေရေး ပြည်သူ့ဝန်ဆောင်မှုရုံး ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ


လွိုင်ကော်မြို့၌ ပြည်သူများ၏ အခြေခံလိုအပ်ချက်များ အဆင်ပြေချောမွေ့စေရေး ပြည်သူ့ဝန်ဆောင်မှုရုံး ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ

လွိုင်ကော်  သြဂုတ် ၂၇

ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း   ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ်    ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများလိုက်ပါ၍   ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြည်သူ့ဝန်ဆောင်မှုရုံး(O S S)ဖွင့်လှစ်ထားရှိမှု၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းနှင့် ရွှေတောင် ပရိယတ္တိစာသင်တိုက်တို့၌   သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင် မွမ်းမံနေမှုများကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ   ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်    လွိုင်ကော်မြို့မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ဖွင့်လှစ်ထားရှိသည့် ပြည်သူ့ဝန်ဆောင်မှုရုံးသို့ သွားရောက်ကာ    ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ယခင်ဌာနဆိုင်ရာရုံးများ ပိတ်ထားခဲ့ရာမှ ယခုအခါ ပြည်သူများ၏   လိုအပ်သည့်ကိစ္စရပ်များကို တစ်နေရာတည်းဆောင်ရွက်ပေးနိုင်ရန်နှင့် ပြည်သူများနှင့်ဌာနဆိုင်ရာများ ဆက်သွယ်ရာတွင် လွယ်ကူလျင်မြန်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရန် ပြည်သူ့ဝန်ဆောင်မှုရုံးကို ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ဌာနဆိုင်ရာများနှင့်   ဆောင်ရွက်ရမည့် လုပ်ငန်းလိုအပ်ချက်များကို လာရောက်စုံစမ်းမေးမြန်းနိုင်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း လာရောက်စုံစမ်းသည့် ပြည်သူများ အားသေချာ ရှင်းလင်းညွှန်ပြပေးရန် ၊ ကူညီဆောင်ရွက် ပေးရန် လိုအပ်သော လုပ်ငန်းများကို  သတ်မှတ်ချက်နှင့်အညီ အမြန်ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ရေးတို့ကို  မှာကြားခဲ့သည်။

 ထို့နောက်    ရုံးအတွင်းဖွင့်လှစ်ထားသည့်  လူဝင်မှုကြီးကြပ်ရေးနှင့်   အမျိုးသား မှတ်ပုံတင်ဌာနမှ ဆောင်ရွက် ပေးလျက်ရှိသော အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်း၊  မွေးဖွားမှုသေဆုံးမှု ဆောင်ရွက်ပေးခြင်း၊ မြေစာရင်းဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် ပုံစံ(၁၀၅)၊   (၁၀၆)ရေးကူးခြင်း၊ လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)လျှောက်ထားခြင်း ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာများထုတ်ပေးခြင်း စသည့် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးနေမှုများကို   လိုက်လံကြည့်ရှု၍ လုပ်ငန်းဆောင်ရွက်ချက်များကို    နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ရေး၊ ပြည်သူ့ဝန်ဆောင်မှု ရုံးအတွင်း ဖွင့်လှစ်ထားသည့်ဌာနများအပြင် လိုအပ်ပါက အခြားဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပြီးပြတ်အောင်    ဆောင်ရွက်ပေးနိုင်ရေးတို့ကို မှာကြားခဲ့သည်။

ယင်းနောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းနှင့် ရွှေတောင်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ အကြမ်းဖက် သောင်းကျန်းသူများ၏ အဖျက်အမှောင့် လုပ်ရပ်ကြောင့်  ပျက်စီးခဲ့သည့် ပြည်နယ်သံဃနာယက  ရုံးအဖွဲ့အဆောက်အအုံ အောင်မြင်ဓမ္မာရုံနှင့် စာသင်ဆောင်များ၊ သာသနရံသိကျောင်းဆောင် ၊ ရွှေရတုကျောင်းဆောင်နှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံနေမှုနှင့် ပြီးစီးမှု များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စာသင်တိုက်များရှိ စာသင်သံဃာတော်များ ပြန်လည် သီတင်းသုံးနိုင်ရေးအတွက်  အမြန်ဆုံးပြီးစီးအောင် ပြုပြင်မွမ်းမံဆောင်ရွက်နိုင်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။ 

ကိုဇင်(လွိုင်ကော်)



Source link

Post a Comment

أحدث أقدم