မိုးမောက်နှင့် မံစီတွင် စစ်ကောင်စီ တန်ပြန်ထိုးစစ်ဆင် - Myanmar Now


ကချင်ပြည်နယ်တောင်ပိုင်း၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်များက  မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ်တို့ကို ဩဂုတ် ၂၄ ရက်မှစတင်ကာ တန်ပြန်ထိုးစစ်ဆင်နေသဖြင့် နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF)၊ အာရက္ခတပ်တော်(AA)တို့က မိုးမောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တစ်လကျော်ကြာ ဝိုင်းဝန်းတိုက်ခိုက်ပြီးနောက် ဩဂုတ် ၁၉ ရက်တွင် မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ်တွင် အင်အားအများအပြား အသုံးပြုနေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဒီလ ၂၄, ၂၅ နောက်ပိုင်းကနေ စပြီးမှ မိုးမောက်ဘက်ကို ထိုးစစ်ဆင်လာတာရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ KIA တပ်ပေါင်းစုအဖွဲ့တွေက ဗန်းမော်နဲ့ မိုးမောက်ကြားက ၅ မိုင်နဲ့ ၆ မိုင်ကြားမှာ ခုခံ တိုက်ပွဲတွေရှိပါတယ်” ဟု သူက ပြောသည်။

တိုက်ပွဲများဖြစ်နေသည့် မိုးမောက်နှင့် မံစီမြို့များ၏ တည်နေရာပြမြေပုံ။

မံစီမြို့အနီး ကောင်ဂျာယန်ရွာအနီးတွင် တိုက်ပွဲများ ပြင်းထန်နေသလို မိုးမောက်နှင့် ဗန်းမော်မြို့ကြား ၅ မိုင်နှင့် ၆ မိုင်ကြားတွင်လည်း တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေသည်၊ မိုးမောက်မြို့နယ်ကို တန်ပြန်စစ်ဆင်ရာတွင် မြေပြင်စစ်ကြောင်းသာမက လေကြောင်းပစ်ကူလည်း ပါဝင်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ 

“လက်နက်ကြီးမျိုးစုံနဲ့ကို ပစ်တယ်၊ ဒရုန်းကလည်း တစ်ခါတက်လာရင် နှစ်စီးသုံးစီးကနေ လေးငါးစီးထိ တက်လာတယ်ပြောတယ်။ သူတို့ဘက်ကတော့ တော်တော်ပြင်းထန်တဲ့ တိုက်ပွဲပုံစံ၊ ပြင်းထန်တဲ့ ထိုးစစ်ဆင်မှု ပုံစံဖြစ်နေပါတယ်” ဟု သူက ဆိုသည်။

ဗန်းမော်မြို့၏ တောင်ဘက် ၅ မိုင်ကျော်ခန့်အကွာ မံစီမြို့၏ မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ ကောင်ဂျာယန်ရွာအနီးကိုလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသည်ဟု သိရသည်။

မိုးမောက်မြို့ ခြေလျင်တပ်ရင်း (၄၃၇)၊ မံစီမြို့တွင် ခြေမြန်တပ်ရင်း (၆၀၁)နှင့် (၃၁၉)တို့ အခြေစိုက်ခဲ့သည်။ 

တိုက်ပွဲများ စတင်ပြင်းထန်သည့် မေလဆန်းမှစတင်ကာ မိုးမောက်နှင့် မံစီမြို့မှ ထောင်နှင့်ချီသည့် ဒေသခံများမှာ နီးစပ်ရာကျေးရွာများနှင့် အခြားမြို့များသို့ ရှောင်တိမ်းနေကြရပြီး အများစုမှာ နေရပ်မပြန်နိုင်ကြသေးပေ။

ဗန်းမော်ဒေသခံ အမျိုးသမီးတစ်ဦးက တိုက်ပွဲမှာ မြို့အနီး ရောက်နေပြီဟုပြောသည်။

“(ဗန်းမော်)မြို့ပေါ်ကို တိုက်ပွဲမရောက်လာသေးဘူးဆိုပေမယ့် တိုက်ပွဲက အရမ်းကပ်နေပြီလေ၊ မြို့ကလည်း လက်နက်ကြီးသံတွေ နေ့တိုင်းကြားနေရတယ်ဆိုပြီးမှ ပြောလာတယ်၊ ကြာလာရင်တော့ ဘယ်သူမှနေရဲမှာ မဟုတ်တော့ဘူး” ဟု သူက ဆိုသည်။

စစ်ရှောင်အများစုမှာ KIA ထိန်းချုပ်နယ်မြေသို့ စစ်ဘေးရှောင်နေရပြီး ၎င်းတို့ကို အန္တရာယ် အပြုနိုင်ဆုံး အရာမှာ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ဖြစ်နေသည်။


ကချင်ပြည်နယ်မြို့နယ်အချို့ကို ဇူလိုင် ၂၁ ရက်မှ စတင်ကာ စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသဖြင့် ထိုမြို့များသည် ပြင်ပနှင့် အဆက်အသွယ် ပြတ်လျက်ရှိသည်။

KIA က  တပ်စခန်းပေါင်းများစွာကို သိမ်းပိုက်ပြီးနောက် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဒေါ့ဖုန်းယန်၊ ဆဒုံး၊ မြို့လှ၊ ဆင်ဘို စသည့် မြို့ငယ်များ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာကြီးတို့ကို ထိန်းချုပ်ထားသည်။





Source link

Post a Comment

أحدث أقدم