မှော်ဘီဗိုလ်သင်တန်းကျောင်းကို ဗုံးခွဲတိုက်ခိုက်၊ စစ်သားတချို့ ဒဏ်ရာရလို့ဆို



ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ရန်ကုန်-ပြည်ကားလမ်းမဘေးမှာရှိတဲ့ စစ်ကောင်စီ ဗိုလ်သင်တန်းကျောင်းကို မနေ့ညပိုင်းက ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပျောက်ကြားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Operation Flame က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

မနေ့(ဇွန်လ ၂၀)ရက် ည ၇ နာရီလောက်က အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဂိတ်ဝမှာစောင့်နေတဲ့ စစ်သားတချို့ ထိခိုက်မှုရှိခဲ့တယ်လို့ Operation Flame အဖွဲ့ တာဝန်ရှိသူက CJ Platform သို့ပြောပါတယ်။

 

“ပေါက်ကွဲအားပြင်းပါတယ်။ ဂိတ်စောင့်‌တဲ့ စစ်သားတချို့ ထိခိုက်မှုရှိပါမယ်။ အသေးစိတ်တော့ ပြောလို့မရပါဘူး” လို့ သူက ပြောပါတယ်။

 

ဗုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်က မှော်ဘီတိုးဂိတ်မှာ ဖြတ်သန်းသွားလာတဲ့မော်တော်ယာဉ်တွေကို တားဆီးစစ်ဆေးတာမျိုးတွေလုပ်ဆောင်ခဲ့တယ်လို့ တွေ့မြင်ခဲ့ရသူတွေဆီက သိရပါတယ်။

 

၁၉၉၃ ခုနှစ်က အမျိုးသားညီလာခံကျင်းပခဲ့တဲ့ ညောင်နှစ်ပင်စခန်းရှိရာ ရန်ကုန်တိုင်းထဲက မှော်ဘီမြို့နယ်ဟာ စစ်ကောင်စီရဲ့ သင်တန်းကျောင်းတွေ၊ တပ်ရင်းတပ်ဖွဲ့တွေ အများဆုံးရှိတဲ့ နေရာလည်းဖြစ်ပါတယ်။

 

စစ်ခေါင်းဆောင်က ရန်ကုန်မှာ လုံခြုံရေးတွေ တိုးမြှင့်ဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အပြီးပြတ်ရှင်းလင်းဖို့ အမိန့်ပေးအပြီး အခုလို ဗုံးခွဲတိုက်ခိုက်ခံရမှုတွေ ရှိလာတာပါ။

 

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်တုန်းကလည်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရဲစခန်းအိမ်ထောင်သည် လိုင်းခန်း၊ မင်္ဂလာဒုံရဲစခန်းတို့ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

 

 

 

ဓာတ်ပုံ – Operation Flame





Source link

Post a Comment

Previous Post Next Post